မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းခြင်း

၁။        မူးယစ်ဆေးဝါး ပြဿနာအားဖြေရှင်းရာတွင် အဓိကအားဖြင့် အောက်ပါကဏ္ဍ(၂) ခုကို ဖြေရှင်းရန် လိုအပ်ပါသည်-

           (က)     ထုတ်လုပ်သူများ (Supply)

           (ခ)      သုံးစွဲသူများ (Demand)

၂။        ထုတ်လုပ်သူများနှင့် သုံးစွဲများကြားတွင် သယ်ဆောင်ရောင်းဝယ်သူများ (ပွဲစား) သည် ယခုခေတ် ကာလ၌ ပိုမို အရေးပါသော ကဏ္ဍဖြစ်လာသောကြောင့် ထုတ်လုပ်သူများ သယ်ဆောင် ရောင်းဝယ်သူများနှင့် သုံးစွဲသူများဟူသော ကဏ္ဍ (၃)ခုသည် ဆက်စပ် ဖြစ်ပေါ်လာခဲ့ပါသည်။

၃။        ထုတ်လုပ်သူများအပိုင်းတွင် အောက်ပါအတိုင်း အပိုင်း(၂)ပိုင်းခွဲခြားနိုင်ပါသည်-

           (က)     စိုက်ပျိုးထုတ်လုပ်သူ

           (ခ)      ပြုပြင်/ချက်လုပ် ထုတ်လုပ်သူ

၄။        စိုက်ပျိုးထုတ်လုပ်သူ။              မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် စိုက်ပျိုးသူသည် ကနဦး စတင်သူ ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းင်းတို့သည် စီးပွါးဥစ္စာချို့တဲ့ကြပြီး မူးယစ်ဆေးဝါး (ဘိန်း/ ဆေးခြောက်/ ကိုကား) စသည့် စိုက်ပျိုးပင်များကို မိရိုးဖလာဓလေ့ထုံးစံအနေဖြင့် စိုက်ပျိုးခဲ့ကြသည်။ ဘိန်းစိုက်ပျိုးခြင်းဖြင့် ရရှိလာသော ငွေကြေးများကို စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့တွင် အသုံးပြုကြသည်။ အခြားတစ်ချက်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်းသည် ဘိန်းကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ်အသုံးပြုခြင်း၊ ရာသီဥတုနှင့် ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်သော ဆေးအဖြစ်လည်း မှီဝဲသုံးစွဲကြခြင်းဖြစ်ပါသည်။ ၎င်းတို့တွင် အမြတ်အစွန်းရရှိပြီး ကြွယ်ဝချမ်းသာရန်နှင့် ဥပဒေအားဆန့်ကျင်ချိုးဖေါက်ရန် ဆိုသည့် ရည်ရွယ်ချက်များမရှိခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူ အဆင့်သည် ဥပဒေနှင့်မညီဟု ဆိုသော်လည်း နောက်ဆက်တွဲမှုခင်းများ ကျူးလွန်ဖောက်ဖျက်ရန် အလားအလာမရှိကြသူများဟု သတ်မှတ်ထားခဲ့ကြပါသည်။

၅။        ပြုပြင်/ချက်လုပ် ထုတ်လုပ်သူများ။                 ပြုပြင်ချက်လုပ်သူများသည် စိုက်ပျိုး ထုတ်လုပ်သူများထက် အဆင့်မြင့် သူများဖြစ်ကြသည်။ အမြတ်အစွန်းရရှိရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သူများဖြစ်သည်။ စိုက်ပျိုးရရှိသော ဘိန်းကိုသာမက ဘိန်းကို ဓါတုပစ္စည်းမျိုးစုံသုံး၍ ဘိန်းညို၊ ဘိန်းဖြူများ အဆင့်ဆင့်ချက်လုပ်၍ အမြတ်စွန်းများစွာ ရရှိရေးကို ဦးတည် ဆောင်ရွက်သူများဖြစ်သည်။ ပြုပြင်ချက်လုပ်သူများတွင် သဘာဝအလျောက်စိုက်ပျိုးပင်များမှ ရရှိသော ဘိန်း၊ ကိုကား တို့ကို တစ်ဆင့်မြင့်ချက်လုပ်ခြင်းသာမက ဓါတုပစ္စည်း သက်သက်ကိုသာအသုံးပြုကာ ဓါတ်ခွဲခန်း၌ ဖေါ်စပ်ချက်လုပ်သော ချက်လုပ် သူ အုပ်စုများလည်းရှိသည်။ ၎င်းင်းတိုအုပ်စုသည် ပိုမို၍ လောဘရမက် ကြီးမားသော စီးပွားရေးလုပ်ငန်းရှင်သက်သက် ဖြစ်ကြသည်။ ဓါတုပစ်္စည်းများဖြင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် ဓါတုပစ်္စည်းများကို တရားဝင်လမ်းကြောင်းမှသာမက တရားမဝင်လမ်းကြောင်း များကပါ တင်သွင်း၍ မူးယစ်ဆေးဝါးများကို ချက်လုပ်ဖြန့်ဖြူး ရောင်းချသူများဖြစ်၍ ဥပဒေအား လုံးဝဆန့်ကျင် ချိုးဖေါက်သူများဖြစ်သည်။ တစ်နည်းဆိုသော် ဤလုပ်ရပ်သည် ဥပဒေနှင့် ငြိစွန်းလျက်ရှိသည်ကို သိလျက်နှင့် အမြတ်အစွန်းရယူလိုသော လောဘစိတ်ကြောင့် ဥပဒေကို ဆန့်ကျင်ချိုးဖောက် လုပ်ကိုင်ကြခြင်းဖြစ်သည်။ ၎င်းအုပ်စုသည် ပြုပြင်ချက်လုပ်ပြီးသော ဘိန်းဖြူများ၊ စိတ်ကြွဆေးများအား ပြည်တွင်းပြည်ပအဆက်အသွယ် များဖြင့် ချိတ်ဆက်ပြီး ပိုမိုအမြတ်အစွန်း ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်လုပ်ကိုင်သူများ ဖြစ်ခြင်းကြောင့် တည်ဆဲပြည်တွင်းဥပဒေများအား ချိုးဖောက်သောပြစ်မှုများကိုသာမက နယ်စပ် ဖြတ်ကျော်မှုခင်းများ စသည်တို့ကိုပါ ကျူးလွန် လာနိုင်ဘွယ်ရှိသော အုပ်စုဖြစ်ပါသည်။

၆။        သယ်ဆောင်ရောင်းဝယ်သော ပွဲစားများ။                   သယ်ဆောင်ရောင်းဝယ်သော ပွဲစား များသည် ထုတ်လုပ်သူများ နှင့် စားသုံးသူများကြားတွင် နှစ်ဘက်အမြတ်အစွန်း ရရှိနေသော အုပ်စုဖြစ်သည်။ ၎င်းင်းတို့သည် ပြည်တွင်း/ပြည်ပ တည်ဆဲဥပဒေများအား မည်သည့်နည်းနှင့်မဆို ချိုးဖောက်သည့် ရာဇဝတ်မှုခင်းများကို ကျူးလွန်ကြမည့် အုပ်စုပင်ဖြစ်သည်။ ၎င်းင်းတို့၏ အကျိုးအမြတ် မပပျောက်စေရန် ထုတ်လုပ်သူ များကို ငွေကြေးအရင်းအနှီးများ ကြိုတင်စိုက်ထုတ်ပေးခြင်း၊ ချက်လုပ်ရန် ဓါတုပစ်္စည်း (Precursor Chemicals)များကို တရားဝင်နည်းလမ်း/ တရားမဝင် နည်းလမ်းဖြင့် ဝယ်ယူ စုဆောင်းခြင်း၊ ချက်လုပ်တတ်သည့် ပညာရှင်များကို ငွေကြေးအမြောက်အများပေး၍ ငှားရမ်းခိုင်းစေခြင်း၊ ချက်လုပ် ပြီးသည့် မူးယစ်ဆေးဝါးများကို လူထုလူတန်းစားအမျိုးမျိုးထဲထိ ပြန့်နှံ့သွားစေရန်ဈေးကွက်ရှာ၍ အမြတ်စွန်းကြီးမားစွာနှင့် ရောင်းချ ပံ့ပိုးခြင်းကို ဆောင်ရွက်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့များအား နည်းမျိုးစုံသုံး၍ ရှောင်ရှားတတ်ကြသည်။ နောက်ဆုံးပေါ် နည်းကိရိယာစက်ပစ်္စည်း အကူအညီကိုရယူ၍ သိုဝှက်သယ်ဆောင်မှုများ ပြုလုပ် ကြသည်။ မူးယစ်ဆေးဝါး လုပ်ငန်းသည် အမြတ်အစွန်းများစွာရရှိသော လုပ်ငန်းဖြစ်၍ ၎င်းတို့လုပ်ငန်း အဆင်ပြေစေရန်အတွက် ထိတွေ့ဆက်ဆံ ရသော အသိုင်းအဝိုင်းအားလုံးကို ငွေကြေးသုံးစွဲ၍ ဖျက်ဆီး ရှောင်ကွင်းလေ့ရှိကြသည်။ ၎င်းအုပ်စုအနေဖြင့် ရရှိသည့် အကျိုးအမြတ်သည် များပြားသောကြောင့် ငွေသားအဖြစ် ပြည်တွင်း၌သာမက ပြည်ပရှိနိုင်ငံတကာ ဘဏ်များ၌လည်း အကာအကွယ်မျိုးစုံဖြင့် ငွေစာရင်းဖွင့်လှစ် ရင်းနှီးမြှုပ်နှံခြင်း၊ အိုးအိမ်ခြံမြေ တိုက်တာစသော မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သင်္ဘော၊ ရေယာဉ်၊ လေယာဉ်ပျံအစရှိသော ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ တရားဝင် စီးပွားရေးလုပ်ငန်းများတွင် အစုရှယ်ယာအကျိုးအမြတ်များ ပါဝင်ရင်နှီးမြှုပ်နှံ၍ တရားမဝင်ငွေမဲ အား တရားဝင်ငွေဖြူဖြစ်အောင်ဖန်တီးပြီး ငွေကြေးခဝါချခြင်း (Money Laundry)၊ နိုင်ငံတော်၏အခွန်ဘဏ္ဍာ ကို နည်းမျိုးစုံဖြင့် ရှောင်တိမ်းခြင်းများ ဆောင်ရွက် တတ်သောအုပ်စုဖြစ်သည်။ တစ်နည်းဆိုသော် ၎င်းအုပ်စုသည် ပြည်တွင်း ဥပဒေကို ချိုးဖောက်သော ရာဇဝတ်မှုခင်းများ၊ နိုင်ငံတကာဥပဒေကို ချိူးဖောက်သော ရာဇဝတ်မှုခင်းများ၊ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သည်နှင့်အမျှ အကာအကွယ် ရရှိစေရန် တရားမဝင်လက်နက်မှောင်ခို လုပ်ငန်း များ(Arms Smuggling) နည်းပညာအသုံးပြုသော ငွေကြေးရွှေ့ပြောင်းမှုများ(Money Transantion)၊ တရားမဝင်ငွေလွှဲပြောင်းသော ရာဇဝတ်မှု လုပ်ငန်းများ (Hondi)နှင့် တားဆီးနှိမ်နင်းရေးအဖွဲ့ဝင်များမှအစဖော်ခြေရာခံ ဖမ်းဆီးမိပြီဆိုပါက ကွင်းဆက်တစ်ခုလုံး မပေါ်ပေါက်စေရေးအတွက်အဖွဲ့ဝင်အချို့ကို သတ်ဖြတ်နှုတ်ပိတ်ခြင်း(Murder Case) စသည့်ရာဇဝတ်မှုများအား နောက်ဆက်တွဲအဖြစ် ကျူးလွန်လေ့ရှိကြပါသည်။

၇။        သုံးစွဲသူများ(Drug Users)။               သုံးစွဲသူများသည် မူးယစ်ဆေးဝါးနှင့် လောဘသားများ၏ သားကောင် (Victims) ဖြစ်သည်။ မူးယစ်ဆေးဝါးကိုအကြောင်းအမျိုးမျိုးကြောင့် သုံးစွဲမိရာမှ မူးယစ်ဆေးဝါး၏စွဲစေသောအာနိသင်       (Dependency)ကို ရုန်းမထွက်နိုင်သော လူနာဝေဒနာရှင်များဖြစ်သည်။ သုံးစွဲသူများတွင်အလုပ်တာဝန်ပင်ပန်းမှုကြောင့် ပြေပျောက်စေရန် သုံးစွဲသူ စိက်လက်ပျော်ရွှင်မြူးထူးသည်ဟု ခံစားရ၍ သုံးစွဲသူ၊ လတ်တလော ဒုက္ခဆင်းရဲဒဏ်မှ လွတ်ကင်း လို၍သုံးစွဲသူနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအား သိရှိနားလည်မှုမရှိဘဲ စမ်းသပ်သုံးစွဲ သူဟူ၍ အမျိုးမျိုးရှိကြသည်။ နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးဥပဒေများ ရှိနေသည်ဖြစ်၍ ဤသုံးစွဲသူများအားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းများ ရှိသကဲ့သို့ ၎င်းတို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဖြင့် လူကောင်းသူကောင်းဖြစ်လာစေရန် ဆောင်ရွက်ပေးသောလုပ်ငန်းများကိုပါ ပူးတွဲ ဆောင်ရွက်လေ့ရှိကြသည်။ဤအုပ်စုသည် ထိန်းသိမ်းနိုင်စွမ်းမရှိတော့သောအာသာရမ္မက်ကြောင့်လည်းကောင်း၊ ထိန်းချုပ် ကြိုးကိုင်ခံရမှုကြောင့်လည်းကောင်း မည်သည့် ရာဇဝတ်ပြစ်မှုမျိုးကိုမဆိုအလွယ်တကူချိုးဖောက်ရေးသို့ဦးတည်နေသော အုပ်စုဖြစ်ပါသည်။

Comments