ကချင်ပြည်နယ်၊ ဆဒုံးဒေသမှ ဘိန်းစိုက်ပျိုးရေးလုပ်ငန်း



ရှုမဆုံးလှသော ဆဒုံးဒေသဘိန်းခင်းများ

မျှော်မဆုံးလှသော ဆဒုံးဒေသဘိန်းခင်းများ

ဖြစ်ထွန်းအောင်မြင်နေသော ဘိန်းပင်များ

ဆဒုံးဒေသခံမုန်းတီးသော ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ဘိန်းခင်းဖျက်ဆီးနေပုံ

ဘိန်းခင်းတည်နေရာ၊ အကျယ်အ၀န်း၊ အပင်အရွယ်အစားအား မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေပုံ
ကချင်ပြည်နယ်တွင် ယခင်က ဘိန်းစိုက်ပျိုးသည့် ဓလေ့မရှိဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ပိုင်း ဗကပ၊ ကေအိုင်အေအစရှိသည့် သောင်းကျန်းသူအဖွဲ့များကြီးစိုးသည့် နေရာများတွင် ဘိန်းစိုက်ပျိုးမှု စတင်ခဲ့ပါသည်။
 ဆဒုံးမြို့နယ်ခွဲဒေသ သည် မြန်မာအစိုးရထိန်းချုပ်မှုလွတ်ကင်းရာ ကေအိုင်အို/ကေအိုင်အေသောင်းကျန်းသူ ထိန်းချုပ်သောဒသများအတွင်းတည်ရှိသောကြောင့်ဘိန်းစိုက်ခင်းများ များပြားစွာ စိုက်ပျိုးကြ လေ့ရှိပါသည်။ ယခင်ငြိမ်းချမ်းရေးရစဉ်ကာလက အစိုးရအဖွဲ့မှ အဆိုပါဒေသတွင် စိုက်ပျိုးလျက်ရှိသော ဘိန်းခင်းများအား ဖျက်ဆီးရေးအဖွဲ့များဖွဲ့စည်းကာ စေလွှတ်ဖျက်ဆီးခဲ့ကြပါသည်။ ထိုသို့ ဘိန်းခင်းများအား ဖျက်ဆီးသော် လည်း ဒေသခံကချင်လူမျိုးများသည် ဘိန်းခင်းဖျက်ဆီးသူများလာရောက်လေ့ရှိသည့် ဒီဇင်ဘာ၊ ဇန်န၀ါရီလ မှ ကင်းလွတ်သည့် လများတွင် ကြိုတင်စိုက်ပျိုးခြင်း(သို့မဟုတ်) နောက်ကျစိုက်ပျိုးခြင်းဖြင့် ဘိန်းခင်းများ အဖျက်ဆီးခံမှုကို ရှောင်လွဲလေ့လည်းရှိပါသည်။ ကချင်ပြည်နယ်အတွင်း ဘိန်းခင်းများစိုက်ပျိုးလေ့ ရှိသော  ဒေသများမှာ ဆဒုံး/ဆမား၊ ဆွမ်ပီယန်၊ တနိုင်း(ရှင်ဗွေယန်)၊ ဖားကန့်(ရှဒူဇွတ်၊ လုံးခင်း၊ ကာမိုင်း၊ တာမခန်)စသော ဒေသများတွင် အနည်းအများမှ အကြီးအကျယ်စိုက်ပျိုးကြပါသည်။ ဆဒုံး/ဆမားဒေသမှ အပ ကျန်ဒေသများမှာ ဘိန်းကို အနည်းအကျဉ်းသာ သုံးစွဲရန် စိုက်ပျိုးပြီး ထွက်ရှိသော ဘိန်းမှာလည်း အရည်အသွေးကောင်းမွန်မရှိချေ။
ဆဒုံး/ဆမားဒေသမှ ထွက်သောဘိန်းမှ ကမ္ဘာ့အဆင့်မီဘိန်းဖြစ်ပြီး ဘိန်းဖြူချက်လုပ်နိုင်သော အရည်အသွေး မြင့်ဘိန်းဖြစ်ပါသည်။ ထို့ကြောင့် ဆဒုံး/ဆမားဒေသတွင် တစ်ဖက်တရုတ်နိုင်ငံ မှ ငွေပင်ငွေရင်း တတ်နိုင်သော တရုတ်လောပန်းများမှ လာရောက်ပြီး ဒေသခံကချင်လူမျိုးစုငယ်များအား အရင်းအနှီးထုတ်ပေးကာ ဘိန်းခင်းများအကြီးအကျယ်စိုက်ပျိုးကြပါသည်။ ထွက်ရှိသောဘိန်းများကို တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားပြီး ဘိန်းဖြူချက်လုပ်ခြင်း၊ တရုတ်နယ်စပ်ရှိ ဘိန်းသုံးစွဲသော တရုတ်လောပန်းများထံပြန်လည်ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ ဆဒုံး/ဆမားဒေသရှိဘိန်းခင်းများ စိုက်ပျိုးရာတွင် ကေအိုင်အေထံသို့ ငွေကြေးများပေးရခြင်း၊ ဘိန်းများပေးရခြင်းများရှိပါသည်။ တစ်ဖက်တရုတ်နိုင်ငံသို့ ဘိန်းများသယ်ယူရာတွင်လည်း ကေအိုင်အေတပ်ဖွဲ့ဝင်များမှ လက်နက်ကိုင် အစောင့် အရှောက်ဖြင့် သယ်ယူလေ့လညှ်းရှိပါသည်။
တကယ်တော့ ဆဒုံး/ဆမားဒေသရှိတောင်ပေါ်များတွင် ဘိန်းခင်းမှအပ ကျန်အခင်းများ မရှိသလောက် နည်းပါးပါသည်။ ဘိန်းသည်သာ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ပါသည်။ ဘိန်းအထွက်နည်းသောရာသီ၊ ဘိန်းခင်းများ အဖျက်ဆီးခံရသောရာသီများတွင် ဒေသခံကချင်လူမျိုးမိသားစုများမှာ ဒုက္ခ အကြီးအကျယ် ရောက်လေ့ရှိပါသည်။ စိုက်ခင်းများတွင် ဘိန်းသီးနှံမစိုက်ပျိုးဘဲ အခြားသီးနှံစိုက်ပျိုးပါက တစ်နှစ်စာ စားနပ်ရိက္ခာဖူလုံလေ့မရှိဘဲ ဘိန်းစိုက်ပါက တစ်နှစ်စာစားနပ်ရိက္ခာဖူလုံသည့် အပြင် ဘိန်းဝယ်ယူသူများမှာ အိမ်တိုင်ရာရောက် ဘိန်းဝယ်ယူလေ့ရှိသဖြင့် သီးနှံသွားရောက်ရောင်းချရသည့် ဒုက္ခလည်း ကင်းဝေး စေပါသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ အစိုးရအသီးသီးမှ ဘိန်းပပျောက်ရေးလုပ်ငန်း  အားလုပ်ကိုင်သော်လည်း ဘိန်းပပျောက်ခြင်းမရှိဘဲ သက်ဆိုးရှည်နေရခြင်းဖြစ်ပါသည်။


Comments